ဆေးနဲ့ဓာတ်မတည့်ရင် ဖြစ်တတ်တဲ့ Stevens-Johnson syndrome ဆိုတာ
သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေးတစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အခါ ခန္ဓာကိုယ်မှာ အင်ပြင်လို အနီစက်တွေထွက်ပြီး ယားယံတာမျိုးကနေ ရှော့ခ်ဖြစ်ပြီး ချက်ချင်းအသက်အန္တရာယ်ရှိတာမျိုးအထိ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ အမျိုးမျိုးရှိပါတယ်။
Stevens-Johnson Syndrome ဆိုတာကလည်း ဆေးနဲ့ဓာတ်မတည့်ခြင်း တစ်မျိုးဖြစ်ပြီး အရေပြားမှာ အရည်ကြည်ဖုတွေပေါက်ကာ အရေပြားဖတ်တွေ ကွာကျကုန်တာ ဖြစ်ပါတယ်။ Stevens-Johnson Syndrome ဟာ အဖြစ်နည်းတဲ့ ဓာတ်မတည့်ခြင်းတစ်မျိုးပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတာမျိုးမို့ ဆေးရုံကို ချက်ချင်းသွားကာ ကုသမှု ခံယူသင့်ပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
- အတက်ကျဆေး
- ပိုးသတ်ဆေး
- အရောင်ကျဆေး၊ အနာသက်သာတဲ့ဆေးတွေနဲ့ ဓာတ်မတည့်ရာက အဖြစ်များပါတယ်။
အဖြစ်များတဲ့လူတွေကတော့
- အရင်က ဓာတ်မတည့်ဖူးတဲ့ ဆေးကို ထပ်ခါထပ်ခါ သုံးစွဲမိသူတွေ
- ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မကောင်းသူ
- မိသားစုထဲမှာ Stevens-Johnson Syndrome ဖြစ်ဖူးတဲ့ ရာဇဝင်ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ပင်းနာတာ၊ အဆစ်အမြစ်တွေကိုက်တာလိုမျိုး အအေးမိတဲ့ လက္ခဏာတွေနဲ့ အရင်ဆုံး စပြီး
- အနီစက်တွေထွက်ပြီး ယားလာ၊ ရောင်လာတာ
- အရည်ကြည်ဖုတွေ၊ အနာတွေပေါက်ပြီး အရေပြားတွေ ကွာကျလာတာတွေတစ်ကိုယ်လုံး ဖြစ်ပါတယ်။
- မျက်စိနာတာ၊ ဖွင့်ရခက်တာ
- အစာစားရင် မျိုချရခက်တာ
- ဆီးသွားရခက်တာ
- အနာတွေက တစ်ဆင့် ရောဂါပိုးဝင်ပြီး ပိုးဆိပ်တက်တာ
- အသက်ရှူရခက်တာ
- ရင်ဘတ်အောင့်တာ စတဲ့ လက္ခဏာတွေ တစ်ကိုယ်လုံးမှာ ခံစားရမှာပါ။
ကုသမှုအချိန်မီ မခံယူရင်သေချာပေါက် အသက်အန္တရာယ်ရှိတဲ့ ရောဂါပါ။
ကုသမှု…
- ရေဓာတ်ကို သွေးကြောထဲက တစ်ဆင့်ရော၊ ပါးစပ်ကပါ ပြန်ဖြည့်ပေးတာ
- အနာသက်သာတဲ့ဆေးတွေ ပေးတာ
- အရေပြားကို ပိုးမဝင်အောင် ကာကွယ်ပေးမယ့် လိမ်းဆေးခရင်မ်တွေ လိမ်းတာ
- ရောင်ရမ်းတာ သက်သာတဲ့ဆေးနဲ့ ပိုးသတ်ဆေးပေးတာတွေ လိုအပ်ပါတယ်။
ပျောက်ကင်းဖို့အတွက် ရက်သတ္တပတ်မှ လပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။
နောက်ဆက်တွဲဆိုကျိုးအနေနဲ့ အရေပြားမှာ အမာရွတ်တွေ ကျန်ခဲ့တာ၊ လိင်အင်္ဂါတွေမှာ အမာရွတ်တွေ ကျန်ခဲ့တာ၊ အဆုတ်၊ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။
Stevens-Johnson Syndrome မှာ အရေးကြီးတာက ဘယ်ဆေးနဲ့ ဓာတ်မတည့်လဲဆိုတာ သိဖို့ပါ။ ဓာတ်မတည့်တဲ့ဆေးကို မသိဘဲ ထပ်ပြီးသုံးစွဲမိရင် ပို
ပြီးဆိုးတဲ့ ရောဂါလက္ခဏာတွေ ဖြစ်မှာပါ။
ဒီလောက်ဆိုရင် Stevens-Johnson syndrome အကြောင်း အတော် သိလောက်ပြီ ထင်ပါတယ်။ ဆေးဝါးတွေကို ဂရုတစိုက်နဲ့ စနစ်တကျ သုံးစွဲခြင်းဖြင့် ဓာတ်မတည့်ခြင်းများမှ ကင်းဝေးနိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်